Sunday 27 July 2008

ဆရာတော် ဦးဝိစာရ (ဒုတိယ ပိုင်း )

အ၀တ်မပါ ဗလာကိုယ်တည်း ဖြင့်  တိုက်ပိတ် ခံထားရသော ဦးဝိစာရ သည် ၁၂၈၉ ခု ကဆုန် လဆန်း ၈ ရက် ( ၈-၅-၁၉၂၇ ) တနင်္ဂနွေနေ့ မှ စတင်၍ ဒုတိယ အကြိမ် အစာငတ်ခံ ဆန္ဒပြ ပြန်သည် ၃ -ရက်မြောက်နေ့ တွင် ထောင်ပိုင်ကြီး ကိုယ်တိုင်လာပြီး အစာစားရန် အ၀တ်ဝတ်ရန် ကြိမ်းမောင်း ပြောဆို သည် ကို ဆရာတော် မှနေ၍ သင်္ကန်း မ၀တ်ရသ၍ အစာမစား ၊ အ၀တ်မ၀တ် ဟု ပြန်လည်ပြောဆိုခဲ့ သည် ။ ရက်အတန်ကြာ သောအခါ သင်္ကန်း ပြန်မ၀တ်စေသေးပဲ ၊ အတင်းအဓမ္မ ချုပ်နှောင်၍ နွားနို့  ၊ ကြက်ဥ တို့  ကို နှာခေါင်း မှ အတင်းသွင်းကြ သည် ။ မသေတသေ ဖြစ်အောင် တနေ့  နှစ်ကြိမ် သွင်းကြ သည် ဟု ဆို၏ ။.ထို့နောက်တဖန် စအိုပေါက် မှနေ၍လည်း ပိုက်သွင်းကာ ၀မ်းချူ ကြပြန်သည်

ဆရာတော်မှာ အစာမစားပဲ နေလာရင်း ရက်ပေါင်းလေးဆယ် ကျော်လာသောအခါ ဂုန်နီ ဖျင် ခင်း အိပ်.ယာပေါ်တွင် သတိမေ့  တချက်လျှော့  တချက်ဖြင့်  ဘုန်းဘုန်း လဲသော အခါတွင်မှ ထောင်ဆရာဝန်များရောက်လာကာ ဆေးရုံကြီးသို့  ပို့ ဆောင်ခဲ့ ကြသည် ဆေးဝါးကုသပြီး အတန်ငယ် သက်သာ လာသော အခါ (၁၂၈၉-ခု နတော်လဆန်း ၇ -ရက် ) နေ့ တွင် တံတားလေး အရူးထောင်သို့  ပို့ ဆောင် ခဲ့ကြပြန်သည် ။ ဆေးရုံသို့ ရောက်သော အခါ (၇ ) ခန့် ကြိုးများဖြင့်  တုတ်နှောင်ပြီး ရိုက်နှက် ခြင်း ၊ နား ၊ နှာခေါင်း များထဲသို့ ရေများ လောင်းထဲ့ ပြီး နှိပ်စက်ကြပြန်သည် ပြီးနောက်တွင် ဆရာတော် အား ရူးသွပ်နေသော သူများနှင့်  အတူထားပြန်သဖြင့်  ရိုက်နှက်ကန်ကျောက် ခြင်း ဆဲဆိုခြင်း များအပြင် ဆရာတော် ၏ ဖွားဖက်တော် ကိုပါ ဆွဲ ညှစ်ကြသည် အထိ ဒုက္ခ အမျိုးမျိုး ပေးခဲ့ ကြသည်

ထိုသို့ ဒုက္ခ အဖုံဖုံပေးပြီးမှ ဆရာတော် ကို ထောင်ထဲ သို့  ပြန် ပို့  လိုက် ကြသည် ၁၂၈၉ -ခု နတော်လပြည့် တွင် ဆရာတော် ကို မထင် မှတ်ပဲ အာဏာပိုင်များမှ သင်္ကန်းဝတ်ခွင့်  ပြန်ပေးလိုက် သည် ဆရာတော် လည်းသ့င်္ကန်းပြန်လည် ၀တ် ခွင့် ရသဖြင့်  အစားအသောက်များ တဖြည်းဖြည်း ပြန်လည်စားသောက်ရာမှာ အားအင်များ ပြန်လည် ပြည့် ဖြိုးစ ပြုလာသည် ။ မကြာခင်မှာပဲ တပို့ တွဲလဆုတ် ( ၁၀ ) ရက်နေ့  တွင် တဖန်သင်္ကန်း ကိုအတင်ချွတ်ပြန်လေသည် ။ ဆရာတော် လဲ တတိယ အကြိမ် အစာငတ်ခံ ဆန္ဒ ပြ ပြန်လေသည် ။

` အာဏာပိုင်များမှ ထောင်တွင်းတိုက်ပွဲ ပြင်းထန်မှု့ ကြောင့်  ၁၂၈၉-ခု တပေါင်းလဆန်း ( ၆ )ရက်နေ့ နံနက် ပိုင်းတွင် သင်္ကန်းအားပြန်လည် ပေး အပ်ပြီး နေ့ လည် တစ်နာရီ အချိန်တွင် ကာလကတ္တားသို့  ထွက်မည့် သင်္ဘောဖြင့်  အန္ဒိယ နိုင်ငံ မေဒနီထောင် သို့ ပို့ လိုက်လေတော့  သည် ။ ထိုမှအဆင့် ဆင့်  လာလဗဂျားရား ရဲဌာန ၊ အလီပူရ ရဲဌာန ၊ ဘလိဂန်ဂျ ရဲဌာနများသို့  ပိုဆောင်ခဲ့ ကြသည် ။

ဆရာတော်အား ကလက္ကတား ရဲဌာန များမှတဆင့်  (၁၈-၂-၁၉၂၉ ) နေ့တွင် ရန်ကုန်ထောင်ကြီးသို့  ပြန်ပို့  ပေးခဲ့  သည် ။ ( ၂၈ -၂ -၁၉၂၉ )နေတွင့် ဆရာတော်အားထောင်မှ ပြန်လည် လွှတ်ပေးခဲ့ လေ သည် ။ ဆရာတော်သည် ထောင်မှလွတ်ပြီး အမြို့ မြို့  အနယ်နယ် သို့  လှည့် လည် ကာ ၀ံသာနု တရားများဟောပြန်လေ သဖြင့်  ( ၆- ၄ -၁၉၂၉ ) နေ့ တွင် ကာလက္ကတားသို့  သင်္ဘောဖြင့် ကြွရန်ပြင်ဆင်နေခိုက် သုံးခွ နယ် ၊ ဖရုံကန် ရွာတရားပွဲတွင် အစိုးရအား အကြည် ညိုပျက်စေရန် ဟောပြောခဲ့မှု့ကြောင့်  ပုဒ်မ ၁၂၄ ( က ) အရအဖမ်းခံရပြန်လေသည် ထောင်တွင်းရောက်ပြန်လေသောအခါ ရဟန်းတော်တို့ ရသင့် ရထိုက်သော အခွင့် အရေးများ တောင်းဆို ရာ မရပြန်သဖြင့်  အစာငတ်ခံ ဆန္ဒပြ ပြန်လေသည်

အစာငတ်ခံ ဆန္ဒပြနေသော ဆရာတော် အား ဆန္ဒပြ ၍ (၈၃) ရက်မြောက်နေ့  ( ၂၈ - ၈ -၁၉၂၉ ) နေ့ တွင် ဟံသာဝတီ စက်ရှင်တရားသူကြီးသည် အားအင်ပြတ်လပ်ကာ ဗုန်းဗုန်း လဲနေသော ဆရာတော် ဘေးနား တွင် ပုဒ်မ ၁၂၄ ( က ) အရ ပြစ်မှု့ ထင်ရှားသည် ဟုဆို ပြီး ထောင်ဒါဏ် တသက်တကျွန်းနှင့်  ၆ နှစ် ကျခံစေရန် စီရင်ချက် ချခဲ့  သည် ။ စီရင်ချက် ချပြီးသည် နှင့် တပြိုင်နက် သင်္ကန်းများကို ချွတ်ယူသွားပြီး ထောင်သို့ပို့ ဆောင်ခဲ့ လေသည် ။ ဆရာတော်မှာ လဲ ဆက်လက်၍ အစာငတ်ခံ ဆန္ဒပြ နေရာ ရက်ပေါင်း ( ၁၄၀ ) အရောက်တွင် တွံတေးဆရာတော် ဦးကေတု နှင့်  အာလံဆရာတော် ဦးလာဘ တို့ က အာဏာပိုင် များထံမှ ခွင့် တောင်း၍ ဆရာတော် ဦးဝိစာရ ကို ၀င်ရောက်ကြည့်  ရှု့  ရာ ကြိုးတိုက် နံပါတ် - ၅ ခုတင်တလုံး ပေါ်တွင် အ၀တ်အစားကင်းမဲ့ နေပြီး ပိန်လှီပြားချပ်ကာ အသက်ငွေ့ ငွေ့ သာ ရှိတော့ သော ဆရာတော် အား ဖူးမြင် ရလေသောအခါ ယူကြုံးမရ ဖြစ်ကြလေ သည်

ဆရာတော် နှစ်ပါးသည် နား နားသို့ တိုးကပ် ပြီး တပည့် တော် တို့ လာရောက်ဖူးမျှော်ပါသည် ဘုရား ဟုဆိုရာတွင် ပထမအကြိမ် တွင် မကြား ပဲ ဒုတိယ အကြိမ် ခပ်ကျယ်ကျယ်လျှောက်ထားသော အခါတွင်မှ ချိုင့် ခွက်နေသော မျက်လုံးများကို အားယူဖွင့်  လှစ်ရင်း လေသံမျှသာအသံဖြင့်  လိမ်မာရစ်ကြ..ပါ.. ဟု ဆရာတော် ဦးဝိစာရ၏ နောက်ဆုံးစကား ကို မိန့် ကြား တော် မူခဲ့ လေသည်

ဆရာတော် ဦးဝိစာရ သည် အစာငတ်ခံ ဆန္ဒပြနေရာ ရက်ပေါင်း ၁၆၆ ရက်အကြာ..-သက္ကရာဇ် ၁၂၉၁ ခု ၊ တော် သလင်း လဆုတ် ၂ ရက်နေ့  ( ၁၉ - ၉- ၁၉၂၉ ) ည ( ၈ ) နာရီ မိနစ် ၂၀ အချိန်တွင် ရန်ကုန်ထောင်ကြီးအတွင်း သက်တော် လေးဆယ့် တနှစ် အရွယ်တွင် ခန္ဒာချုပ်ငြိမ်း၍ ဘ၀ နတ်ထံ ပျံလွန်တော် မူလေ သည်

မှတ်ချက် ။ ။ ယခင် က တော်သလင်းလပြည့် ကျော် ( ၂ ) ရက်နေ့  အား ဦးဝိစာရ နေ့  ဟု သတ်မှတ် ဂုဏ်ပြု ခဲ့ ကြပါသည် ။ ဦးဝိစာရ ၏ မြန်မာပြန် အဓိပါယ် မှာ ( ၀ိ = အထူး ၊ စာရ = အကျင့်  ) အကျင့်  ထူးရှိသူ ဟု အဓိပါယ်ရပါသည်

ကျမ်းကိုး ။ ။ - မြန်မာ့ စွယ်စုံ ကျမ်း အတွဲ - ၁၂

- အာဇာနည် အရှင် ဦးဝိစာရ - ( သခင် လွင် ) -၁၉၇၁

- တချိန်က ထင်ရှားခဲ့ သော ပုဂ္ဂိုလ်ကြီးများ (ရွှေ ဥသြ ) - ၁၉၈၆

· စာရေးသူ အမှာ ။ ။ မြန်မာ့  သမိုင်းတွင် ရဲရဲတောက် တိုက်ပွဲ ၀င်ခဲ့ သော ရဟန်း ၊ ပြည်သူ ၊ ကျောင်းသား ၊ အလုပ်သမား ၊ တိုင်းရင်းသား အာဇာနည် ပုဂ္ဂိုလ် အပေါင်းတို့ အား သမိုင်း စာမျက်နှာများ မှ ပျောက်ကွယ် မသွားစေ ရန် ရည်ရွယ်၍ တတ်နိုင်သမျှ ကြိုးစား ဖော်ထုထ် သွားပါမည်

No comments: