Friday 12 December 2008

ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံ သို့  ရောက် ခဲ့တယ်




ရန်ကုန်သားရဲ့မွေးနေ့ တရက်မှာ ရွှေတိဂုံ ဘုရား ကိုရောက်သွားခဲ့တယ်ဗျာ…ဟိုးယခင်ကျနော်တို့  ငယ်ငယ် က ဘုရားဖူး တွေနဲ့ ကျိတ်ကျိတ်တိုးစည်ကားခဲ့တဲ့ရွှေတိဂုံဘုရားကြီးဟာ ခုဆိုရင် ဘုရားဖူးဧည့် သည်တွေ အတော် နည်းပါးလာတာကိုတွေ့ ရတယ်ဗျ…။ ပြည်သူတွေရဲ့ စားဝတ်နေရေးကျပ်တည်းလာတာနဲ့လဲသက်ဆိုင်တယ်ထင် ပါ့ ဗျာ…။ ကျနော်လည်းဘုရားဝတ်ပြု ၊ မွေးနေ့ ထောင့်  မှာရေသပ္ပါယ်ပြီး ..မြို့ ထဲဖက်သွားဖို့  ဘုရားတောင် ဖက် မုဒ် က ဆင်းခဲ့တယ်..။ ကားမှတ်တိုင်ရောက်တော့ မရောက်တာကြာပြီ ဖြစ်တဲ့ ကားဂိတ်ရဲ့နောက်ကျောဖက် မှာ ရှိတဲ့ကျနော်တို့  မြန်မာပြည်ရဲ့အထင်ကရ ပုဂ္ဂိုလ်ကြီးတွေ အုတ်ဂူတွေထားရှိတဲ့ နေရာဖက်လှမ်း မျှော် ကြည့်မိ လိုက်တယ်…။ အဲဒီမှာက တောင်ဖက်အစွန်းဆုံးမှာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အုတ်ဂူ..ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းကတော်..ဒေါ်အောင်ဆန်းစုကြည်တို့  ရဲ့မိခင်ဒေါ်ခင်ကြည် အုတ်ဂူ ..၊ ပြီးတော့ စုဖုရားလတ် ရဲ့ အုတ်ဂူ..မြောက်ဖက်အစွန်းဆုံးမှာတော် မြန်မာပြည်က တဦးတည်းသောကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်  ရဲ့အုတ်ဂူ တို့ တတန်းထဲတည်ရှိနေတယ်လေ….။

ကျနော်လဲရောက်တုန်းရောက်ခိုက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၊ အန်တီစုရဲ့အမေ ဒေါ်ခင်ကြည် ၊ စုဖုရားလတ် နဲ့ ဦးသန့် တို့ ရဲ့အုတ်ဂူတွေ ကို ၀င်ရောက်ဂါရ၀ပြုဖို့  စိတ်ကူးရလာတာ နဲ့ပဲ..။ ခြံဝန်းတံခါး ကိုအသာတွန်းဖွင့် ပြီး ၀င်လာခဲ့တယ်ဗျာ…။ အုတ်ဂူတွေရဲ့ပါတ်ဝန်းကျင်မှာတော့ မြက်ရိုင်းတောလို ဖြစ်နေထဲ က စိတ်ထဲတမျိုးဖြစ်သွားတယ်ဗျာ….။ ဒါနဲ့ပဲ ကျနော်တောင်ဖက်အစွန်ဆုံးမှာ ရှိတဲ့ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အုတ်ဂူဆီအရင်ဝင်လိုက်တယ်…။ အထဲမှာ ဖုန်တွေသဲတွေ အထပ်ထပ်ဖြစ်နေတယ်ဗျ…။ သံတံခါးကြီးကလည်း တွန်းလိုက်တာနဲ့ ဆီမရှိလှည်းဝင်ရိုးသံကြီးလိုပဲ..ကွဲအက်အက်အသံကြီးမည်လာတယ်…။ အတွင်းခန်းထဲ ရောက်တော့ ကျနော်စိတ်ထဲ အတော် မကောင်းဖြစ်မိသွားထယ်…။ ဆရာကြီးရဲ့အုတ်ဂူခေါင်းရင်း အပေါ် မှာတော့ ပန်းများခြောက်သွေ့ နေပြီ ဖြစ်တဲ့ ပန်းအိုးအဟောင်းလေး တလုံးပဲတင်ထားတာတွေ့ ရတယ် ..ကျန် တာတွေ က တော့  ဖုန်တွေအလိမ်းလိမ်း နဲ့ပါ….။ ကျနော်စိတ်ထဲ မှာတော့  …သြော်တချိန်က တို့  တတွေကိုတော်စေချင် တတ်စေချင် လွန်းတဲ့.. ဆရာကြီး…တိုင်းပြည်ကောင်းစားဖို့  ဆိုရင်ဘယ်သူ့မျက်နှာမှမထောက်ပြောခဲ့..ဆိုခဲ့ .. သင်ကြားပေးခဲ့ တဲ့ ဆရာကြီးဟာ.. ခုချိန်မှာ ဖုန်တွေ သဲတွေကြားမှာ အထီးကျန်ဆန်စွာနဲ့ပဲ ထာဝရ အိပ်စက်ခဲ့ရပြီ….။ ကျနော်စိတ်မကောင်းခြင်းများစွာ နဲ့ ၀န်းကျင်တလျှောက်မျက်စိကစားကြည့် မိတဲ့အခါ မှာတော့… ဆရာကြီးရဲ့ အမှာစကားတချို့ ကို နံရံ မှာဖောင်းကြွစာလုံးတွေ နဲ့ရေးထားလေ ရဲ့… ဆရာကြီးရဲ့ အမှာစကားတွေ ကတော့ … . ဆရာမသေခင်တိုင်းပြည်မှာတကယ့်ငြိမ်းချမ်းရေးအစစ်ကိုမြင်သွားချင်တယ်…၊ ကောင်းမျိုးအထွေထွေ ရယ် နှင့် ချွန်စေ မြစေ စော ..ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေ သော….၊ တပြည်သား နယ်ချဲ့ အစွန်းရန်ကို တွန်းလှန်စေဖို့ ..တကယ်တကဲ့ တွန်းလှန်ဖို့ အရေးကလဲမဝေးတော့  ပြီမို့..အရေးကြီးလျှင်ဖြင့် သွေးနီးပြီး.. သွေးစည်းရာဆိုသည့် အတိုင်း….ကိုင်း..ထထကြွကြွ နှင့် ၀ိုင်းကြပေရော့ … အစရှိတဲ့ စာသားများကို ဖတ်မိတဲ့အခါမှာတော့..ဆရာကြီးရဲ့ ပြည်သူတွေပေါ်ထားခဲ့တဲ့ စေတနာ…ဖြစ်စေချင်တဲ့ဆန္ဒ ကို ပိုမို နားလည် လာပါတယ်…။

ခုလိုအချိန်မျိုးမှာ အဖိုး သာသက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင်လေ…ကျနော်တွေးကြည့် မိပါတယ်… အာဏာကိုမက်မောတဲ့ လူတစု..က တိုင်းပြည်ကို သေနတ် နဲ့ ချိန်ပြီးအုပ်ချုပ်နေတာကြောင့်… တိုင်းပြည်ကြီး တဖြည်းဖြည်းနဲ့ ဆင်းရဲ မွဲတေလာတာတွေ…နိုင်ငံတကာအလယ်မှာ မြန်မာလူမျိုးတွေ မျက်နှာငယ်ရပုံတွေ… ရဟန်းသံဃာတွေ ကို..မင်းအာဏာသုံးပြီးညဉ်းပမ်း နှိပ်စက် သတ်ဖြတ်တာတွေ…ပြည်သူတွေရဲ့အကျိုးစီးပွားကို လိုလားလို့ ..ပြည်သူ့အခွင့်အရေးတွေ ကိုမကြောက်မရွ့ံတောင်းဆိုခဲ့ကြတဲ့…တော်လှန်ရေးသမားတွေ… ကို ဖမ်းဆီးနီပ်စက်ထောင်သွင်းအကျဉ်းချတာတွေ….အချို့  ဆိုလဲ..မိသားစုတွေ အကွဲကွဲအပြားပြား နဲ့ တိုင်းတပါး ကိုတိမ်းရှောင်သွားရတဲ့ …တော်လှန်ရေးသမားမျိုးချစ်ကြီးတွေ…ဒီလိုတွေ တိုင်းပြည်တွင်းမှာအကွဲကွဲ အပြဲပြဲ ဖြစ်နေတာတွေ ကို အဖိုးသာ ခုချိန်မျက်မြင်တွေ့ ခဲ့မယ်ဆိုရင်လေ…..အဖိုးရယ်…. အဖိုးနေရာကနေ ကျနော် စဉ်းစားကြည့် မိတယ်….ရင်ကမွေးခဲ့တဲ့သားသမီးတွေ အချင်းချင်း..တယောက်နဲ့တယောက်. . အငြိုး တကြီးနဲ့ အပြန်အလှန်သတ်ဖြတ်နေကြတာကို..ထိုင်ကြည့် ပြီး..ပူဆွေးနေ တဲ့  မိဘ တယောက် ရဲ့ခံစားမှု့ မျိုးကို… အဖိုးခံစားရမယ်လို့ ထင်ပါတယ်….ခုချိန်မှာတော့အဖိုးရယ်..ကျနော်တို့ လေ….ကျနော်တို့  ရဲ့ ဆင်းရဲ ဒုက္ခ တွေကို ကယ်တင်နိုင်မယ့် အဖိုးတို့  လို.. ဗိုလ်ချုပ်အောင်ဆန်းတို့  လို…အာဂ ပုဂ္ဂိုလ်ကြီးတွေ ကို.. တမ်းတ မိပါတယ်… ကျနော်တို့  တတွေ မှာ…အာဏာရှင်တွေ မတရားအုပ်ချုပ်နေတာကို…မခံမရပ်နိုင်ဖြစ်လွန်းလို့ …. . ပြည်သူ တရပ်လုံးက…ရသင့် ရထိုက် တဲံအခွင့် အရေးတွေ တောင်းဆိုမိပြန်ရင်…ဘာမှမရတဲ့ ပြင်….ကျနော်တို့ရဲ့ ရဟန်း သံဃာတွေ…အကိုတွေ..အမတွေ..ရဲ့ခန္ဓာ ကိုယ်တွေမှာသာ….လှံစွပ်ရာတွေ..သေနတ်ဒင်ရာတွေ… ကျည်ဆံရာ တွေသာ… ရခဲ့တယ်အဖိုးရဲ့….ခုဆိုရင်လဲကြည့်ဦးလေ…ကျနော်တို့ ရဲ့အကိုကြီးတွေ .. အမကြီးတွေဟာ.. ဟိုး…. ဝေးလံခေါင်ဖျားရေခဲတောင်ကြီးတွေ ရှိတဲ့ နား…ခိုက်ခိုက်တုန်ချမ်းအေးတဲ့ အရပ်ဒေသတွေ… တောအထပ်ထပ်.. တောင်တောင်အထပ်ထပ် ကိုဖြတ်ကျော်သွားရတဲ့အရပ်ဒေသတွေ မှာရှိတဲ့…အကျဉ်းထောင်တွေထဲက အုတ်တိုက်ကျဉ်းကျဉ်းလေးတွေထဲမှာ….နေရောင်ခြည်ကိုတောင်မမြင်နိုင်တော့  တဲ့..အကျဉ်းစံ ရာဇ၀တ်သားကြီး တွေဖြစ်နေပြီ….။ တကယ်တော့သူတို့  ဟာ အနာဂါတ်ရဲ့သူရဲကောင်းကြီးတွေပါ.. အဖိုးရယ်…ကျနော်တို့  တိုင်းပြည်ဟာ..သူရဲကောင်းတွေ ပြည့် နှက်နေတဲ့ တိုင်းပြည်ပါ…အဖိုးရယ်….ဒါပေမယ့်.. အားမတန်လို့ ဆိုပြီးမာန်တော့ မလျှော့်ဘူး..အဖိုး…နောင်အနာဂါတ်မှာ..ဒေါင်းတွန်သံမပြတ်စေရပါဘူး….အဖိုးမှာခဲ့တဲ့ အတိုင်း…

ကောင်းမျိုးအထွေထွေ ရယ် နှင့် ချွန်စေ မြစေ စော ..ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေ သော….

ဆိုတဲ့စကားကိုမြေ၀ယ်မကျနာခံရင်းနဲ့…

ရန်ကုန်သား