Saturday, 26 July 2008

သံဃာ့ အာဇာနည် ဆရာတော် ဦးဝိစာရ

ဆရာတော် ဦးဝိစာရ ကို မုံရွာခရိုင် ၊ အမြင့် မြို့ နယ် ၊ ကမ်းနိမ့်ရွာ ၊ အဖဦးပြား နှင့် အမိဒေါ်ဇလပ်တို့ မှ ၁၂၅၀ ခုနှစ် ၊ နှောင်းတခူးလပြည့် ကျော် ( ၉ )ရက်နေ့  ဗုဒ္ဓဟူး နေ့ တွင်ဖွားမြင် ခဲ့ သည်

သားသမီးသုံးယောက် အနက် ဒုတိယမြောက်သား ဖြစ်သည် ၊

၁ ။ မဖွားသိုက်

၂ ။ မောင်လှကျော်

၃ ။ မောင်သာပုံ တို့ဖြစ်သည် ။

ဒုတိယမြောက်သားမောင်လှကျော် မှာ ဦးဝိစာရ လောင်းလျှာ ဖြစ်သည် ။ မောင်လှကျော် သည် အင်းနားရွာ ဆရာတော်အရှင် စန္ဒိမာ ကျောင်းတွင် အသက် (၁၂ ) သား အရွယ်တွင် ရှင်ပြု၍ သာမနေ ၀တ်ခဲ့ သည် ။ ဘွဲ့ တော်မှာ ရှင်ဝိစာရ ဖြစ်သည် ။

မောင်လှကျော် (ခ) ရှင်ဝိစာရ ၏ ဗီဇမှာ အကောင်းဖက်ကိုရှေးရှု့ ပြီး ၊ ငယ်ရွယ်သူများကို ထောက်ထား ညှာတာကာ ၊ ကြီးနိုင်ငယ်ညှင်း အပြုအမူ တို့ ကို အလွန်မုန်းတီးသည် ။ ကျောင်းနေစဉ် ဥာဏ်ကောင်း သွက်လက်ပြီး လက်ရေး လက်သား မှ အစ သေသပ်ကောင်းမွန်သဖြင့် ဆရာတော် ဘုန်းကြီး ၏ အချစ်တော် ရှင်သာမနေ အဖြစ် လေး ၀ါအထိ နေခဲ့ သည် ။

လေးဝါအရတွင် လူထွက်ပြီးမိဘ များနှင့် အတူနေသည် ။ လူပျို ပေါက် အရွယ်တွင် ရပ်ရေး ရွာရေး များတွင် အားတက်သရော စိတ်ရောကိုယ်ပါ ဆောင်ရွက်ပေး သဖြင့် တစတစ လူသိများလာကာ ခေတ်ကာလ အလျှာက် ကာလသားခေါင်း ဖြစ်လာခဲ့ ပြီး ကာလသားခေါင်း လှကျော် ဆိုလျှင် မသိသူမရှိ သလောက် ဖြစ်ခဲ့ သည် ။

မိဘများက အသက် (၁၈) နှစ် အရွယ်တွင် ကာလသားခေါင်း မောင်လှကျော်အား ရွှေလှေရွာသူ မယ်ဥာဏ် နှင့် ထိမ်းမြားပေးခဲ့ ပြီး သမီးတယောက်ထွန်းကား ခဲ့သည် ။ အမည် မှာ မဖွားရန်ဖြစ်သည် ။ထို့ နောက်အိမ်ထောင်ရေး အဆင်မပြေသဖြင့်  မယ်ဥာဏ် နှင့်ကွာရှင်းပြီး တရွာတည်းနေ ကမ်းနိမ့် ရွာသူ မသေးမျှင်နှင့်  အိမ်ထောင်သစ်ပြုခဲ့ သည် ။ မသေးမျှင်နှင့် သားသမီးတယောက် ထပ်မံထွန်းကားပြီး အမည်မှာ မနွယ် ဖြစ်သည် ။

ကိုလှကျော်သည် အိမ်ထောင်နှစ်ဆက် ဖြင့် လူဘ၀၏ ဒုက္ခ အဖုံဖုံကြုံ ခဲ့ပြီး စိတ်သက်သာရာ ရစေကြောင်းဖြင့် လောကုတ္တရာအခြေခံရှိသူ ပီပီ ဥပုဒ် ရက်ရှည် စောင့် လေ့ရှိသည် ။ ထိုသို့ဖြင့် လူလောကကိုစိတ်ကုန်ကာ အသက်(၂၃ ) အရွယ်တွင် ရဟန်း ဘောင် သို့  ၀င်ရောက်ခဲ့ သည် ။ ကိုလှကျော်၏ ဥပဇ္ဈယ်ဆရာတော် မှာ ဘုံပျံ ကျောင်း ဆရာတော် အရှင်အာဒိစ္စ ဖြစ်သည် ။ ကိုလှကျော်၏ ရဟန်းဘွဲ့ မှာ သာမနေ ဘ၀က ဘွဲ့ တော် အတိုင်း ဦးဝိစာရ ပင်ဖြစ်သည် ။ ရဟန်းဘ၀သို့ ရောက်သောအခါ ရှေးဦးစွာ ကစ္စည်း ၊ သဒ္ဒါကျမ်းများကို သင်ယူပြီးနောက် ပျဉ်းမနားမြို့ သို့ ကြွရောက်ခါ သင်ရိုးကျမ်း များနှင့်  ပိဋက ကျမ်းစာများကို လေ့လာလိုက်စားခဲ့ သည် ။ထိုမှတဆင့် မန္တလေး ၊ ပခုက္ကူ စသောမြို့ များသို့  ကြွရောက်ပြီး လောကုတ္တရာစာပေများကို ထပ်မံ လိုက်စားပြီး ၊ တဖက် မှလည်း စာသင်သားများအား စာချဆရာတော် အဖြစ်နှင့် သီတင်းသုံးနေတော်မူ၏ ။

၁၂၈၀ ပြည့် နှစ်ဝန်းကျင်လောက်က မန္တလေးတွင် ရှိစဉ် မျက်နှာဖြူရာဇ၀တ်ဝန် မစ္စတာစတီးဝပ် ဆိုသူသည် အိမ်တော်ရာဘုရားပွဲတော်တွင် ဘုရာဝန်းအတွင်း ဖိနပ်စီးမှု့ ကြောင့် ဖြစ်ပေါ်ခဲ့သော အရေးအခင်းမှ စတင်ကာ အမျိုးသားရေးစိတ်ဓါတ် တို့ ကိန်းအောင်းခဲ့သည် ။

ဆရာတော် ဦးဝိစာရ သည် ၁၂၈၂ - ၁၂၈၃ လောက်တွင် ပခုက္ကူမြို့ မှနေ၍ သံဃသမဂ္ဂ အဖွဲ့ သို့  ၀င်ရောက်ခဲ့ ပြီး မလှိုင် ၊ ပန်းလှိုင်အိုင် နယ် မှစတင်ပြီး အခွန် တော် ကောက်ခံ မှု့ နှင့်  ပက်သက်သော နိုင်ငံရေးတရားများကို ရဲရဲတောက် ဟောကြားခဲ့ သည် ။ ထို့ ကြောင့် လဲ အစိုးရအား အကြည်အညို ပျက်အောင်ဟောပြောမှု့ ကြောင့်  ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ၁၀၈ အရ ဦးဝိစာရ နှင့်  ဦးပုည ကိုယ်တော်နှစ်ပါးအား ထောင်ဒဏ် ( ၆ ) လစီ အပြစ်ပေးခဲ့သည် ။

ဦးဝိစာရသည် ၁၂၈၅ ခုနှစ်တွင် ရန်ကုန်သို့ ရောက်ရှိလာပြီး ဝေဠုဝန်တိုက်တွင် သီတင်းသုံနေစဉ် နိုင်ငံရေးတရားများကို မျိုးစေ့ ချပေးသူ ဆရာတော် ဦးဥတ္တမ နှင့်  အဆက်အသွယ်ရရှိခဲ့သည် ။ ဆရာတော် ဦးဥတ္တမသည် ဦးဝိစာရအား ခေါ်ဆောင်ကာ ရေး ၊ မြိတ် ၊ ထားဝယ် စသော တနင်္သာရီ နယ်များသို လှည့် လည်ပြီး နိုင်ငံရေး တရားများ ဟောပြောစေသည် ။ ဦးဝိစာရ သည်ဆရာတော် ဦးဥတ္တမ နှင့် အတူ ပထမဦးဆုံး နိုင်ငံရေးတရားများ ဟောပြောခြင်းဖြစ်သည် ။ ဆရာတော် ဦးဥတ္တမ ၏ ဆက်သွယ်ပေးမှု့ ကြောင့် ၁၂၈၆ ခုနှစ် (၁၉၂၂ )တွင် အိန္ဒိယပြည် ၊ ဂါယာမြို့ တွင် ကျင်းပသော ပြည်လုံးကျွတ် ကွန်ဂရက် အသင်းကြီး၏ ညီလာခံ သို့  တက်ရောက်ခဲ့ သည် ။ ထို မှတဆင့် ကာလကတ္တားသို့ ရောက်ရှိ သီတင်းသုံးပြီး ပါဠိ ၊ သက္ကတ ၊ ဟိန္ဒီ စာပေ များ နှင့် နိုင်ငံရေး ဗဟုသုတများကို လေ့လာခဲ့ သည် ။

ထို့ နောက် ဆရာတော် ဦးဝိစာရသည် မြန်မာပြည် သို့ ပြန်ကြွလာပြီး အနယ်နယ် အရပ်ရပ် သို့ မနေမနား လှည့် လည် ပြီး ( အမျိုးသား စောင့်ရှောက် ရေး တရား များ )ဟောပြောခဲ့ ပြန်သည် ။ ထို့ ကြောင့်  လည်း အရေးပါသော နိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်၍ အစိုးရ၏ နိုင်ငံရေး ( လူဆိုး ) စာရင်းဝင် နံပါတ် (၄၄ ) အဖြစ် မှတ်တမ်းတင် ခံရ သည် ။ ထိုသို့ ၀ံသာနုတရားများ ဟောပြောနေရင်း ၁၂၈၈-တန်ဆောင်မုန်းလဆုတ် ၂ ရက် ( ၂၂-၁ -၁၉၂၆ ) နေ့ တွင်အာဏာဖီဆန်မှု့ ဖြင့်  သာယာဝတီ ထောင်ချုပ်ကြီးတွင် ပုဒ်မ- ၁၈၈ အရ အဖမ်းခံ ရပြီး ပုဒ်မ ၁၄၄ ကိုဆန့် ကျင်ကန့် ကွက်ဟောပြောမှု့ ကြောင့်  ပုဒ်မ ၁၈၈ အရတရား စွဲဆိုခံ ခဲ့ ရ သည် ။

ထို့ နောက် သာယာဝတီထောင်မှတဆင့်  ရန်ကုန်ထောင် တွင် အလုပ်မရှိ ထောင်ဒါဏ် ( ၂ ) လအပြစ်ပေးခံ ခဲ့ ရ သည် ။ လွတ်ခါနီး ( ၁ ) ရက်အလို ( ၂၀-၁-၁၉၂၇ ) တွင် ရန်ကုန်ထောင် မှ သာယာဝတီထောင် သို့  ပုလိပ်အစောင့်  အရှောက် များဖြင့်  ပြန်လည် ပို့ ဆောင်ခဲ့ သည် ။ (၂၁-၁-၁၉၂၇ ) နေ့ တွင် ပြန်လည် လွှတ်ပေးခဲ့ သော်လည်း ထောင်ဘူးဝ မှာပင် အရေးပိုင်မင်း၏ ၀ရမ်းစာပြကာ ရာဇသတ်ပုဒ်မ ၁၂၄( က ) အရ ထပ်မံဖမ်းဆီးခဲ့ပြန်သည် ။

ဆရာတော် သည် သာယာဝတီ ထောင်ချုပ်ကြီး၌ နေရစဉ် ၁၂၈၈ ခု ၊ ပြာသိုလဆုတ် ၁၅ ရက် ၊ လကွယ် ဥပုဒ် ( ၁- ၂ - ၁၉၂၇ ) တွင် ရဟန်းတော် တို့ ၏ ၀ိနည်းသိက္ခာ ပုဒ် နှင့်  အညီ သိမ် တခုခု တွင် ဥပုဒ်ပြုခွင့် တောင်းသည် ကို အရေးပိုင် မှ အကျဉ်းထောင် ဥပဒေ အရ ဥပုဒ်ပြုခွင့်  မပြုနိုင်ကြောင်း ပြန်ကြားစာရခဲ့ သည် ။ ထို့ ကြောင့် ဆရာတော် သည် အစာငတ်ခံဆန္ဒပြ အရေးဆိုခဲ့ သည် ။ ထိုအချိန် ဆရာတော် မှာ ၀ါတော် မှာ ၁၅ ၀ါ (သက်တော် - ၃၈ ) နှစ် ရှိပြီ ဖြစ်သည် ။ ဆန္ဒပြ အရေးဆိုမှု့  လေး ရက်မြောက် နေ့ တွင် အရေးပိုင်မင်းရောက်လာပြီး အစာစားရန် ခြိမ်းခြောက် ပြောဆိုသည် ကို မစားနိုင်ကြောင်း ၊ လိုအင်ဆန္ဒမပြည့် ပါက အငတ်ခံမည် ဖြစ်ကြောင်း ၊ မင်းတို့ လက်ခုပ်ထဲ ကရေ မင်းတို့  လုပ်ချင်သလိုလုပ်နိုင် ကြောင်း “ ၊ ထိုသို့ ပြန်လည် ပြောဆို မှု့ ကြောင့်  ထိုနေ့ ညနေ ( ၆ ) နာရီတွင် ပုလိပ်အစောင့်  အရှောက်များဖြင့်  ရန်ကုန် ထောင်ကြီးသို့ ပြောင်းရွှေခြင့်း ခံခဲ့ ရ ပြန် သည် ။ သို့ သော် ရန်ကုန်ထောင်သို့  ပြောင်းရွှေ့  ခံ ရ သော် လဲ ဆက်လက် ဆန္ဒပြနေမှု့  ကြောင့်  ရက်ပေါင်း ( ၄၀) မြောက် တွင် အာဏာပိုင် များမှ ဥပုဒ်ပြုခွင့် ပြုလိုက် သည် ။ ဆရာတော်လည်း ထို အခါမှ ဆွမ်းပြန်စားတော် မူ ၏ ။ ထိုအမှု့ အား အင်းစိန်ရုံးတွင် စစ်ဆေးပြီး ထောင်ချခံ ခဲ့ ရ ပြန် သည် ။ ထောင်ဘူးဝအရောက် တွင် အာဏာ ပိုင်များမှ ဆရာတော် အား သင်္ကန်းအား ချွတ်၍ ထောင်အ၀တ်နံငယ် ပိုင်း ကိုလဲလှယ် စေသောအခါ ဆရာတော် မှ အိန္ဒြရေ သိက္ခာ ဖြင့်  ခပ်မဆိတ်နေတော် မူ၏ ။ ထိုအခါအာဏာပိုင်များမှ စိတ်ဆိုး မာန်ဆိုးဖြင့်  အတင်းအကျပ် သင်္ကန်းအားဆွဲ ချွတ် လေ သည် ။

ထို အခါဆရာတော် မှာ သင်္ကန်းမှ လွဲ ၍ မည်သည့် အ၀တ် မျှ မ၀တ်နိုင် ဟုဆိုကာ အ၀တ်မပါဗလာ ကိုယ် ဖြင့် နေတော် မူ သောအခါ ထောင် အမှု ထမ်းများမှ ဇွတ်အတင်း ချီမ ပြီးတိုက်ပိတ်ထား လိုက် ၏ ။

( ဆရာတော် ၏ ထောင်တွင်း တိုက်ပွဲ များ နှင့်  ပျံလွန်တော်မူသည့်  အချိန် အထိ အဖြစ်အပျက်များကို ဒုတိယပိုင်းတွင် ဆက်လက်ဖတ်ရှု့  ပါ ရန်.)



No comments: